စကားကြီးဆယ်မျိုး
စကားကြီးဆယ်မျိုး
စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း
၁၀မျိုး ကို ခွဲခြားသတ်မှတ်ထားသည်။
မြန်မာလူမျိုးတို့က စကားကြီး ၁၀ မျိုးဟု ခေါ်ဆိုကြသည်။
ယင်းစကားကြီး ၁၀ မျိုး၏ အမည်ကို မုန်တိုင်ပင်ဆရာတော်က မှတ်သားရလွယ်ကူစေရန်
သုံးပုံတံချူကျမ်း၌ အောက်ပါအတိုင်း လင်္ကာစီထားပါသည်။
၁။ ရေကူးညာတင်
၂။ ကောက်ပင်ရိတ်လှီး
၃။ ရေစီးဖောင်ဆန်
၄။ အိုးတန်ဆန်ခပ်
၅။ ဆီပွတ်ကျည်ပွေ့
၆။ ဆင်ဝှေ့ရန်ရှောင်
၇။ တောင်သူယာခုတ်
၈။ ကြက်ဆုတ်ခွပ်ပစ်
၉။ ရေစစ်သည့် အင်
၁၀။ ခက်တင်မောင်နင်း
အခြင်းဆယ်ပါး ဤစကားကို မှတ်သားဝမ်းတွင်း လေ့စေမင်း။
၁။ ရေကူးညာတင် ပြောနည်း
♥♥♥♥♥♥♥
မြစ်တစ်ဖက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင်
မြစ်ညာကတင်၍ ကူးမှ လိုရာသို့ရောက်သကဲ့သို့
မိမိအလိုရှိရာသို့ ရောက်အောင် အထက်ကတင်ကူး၍
ပြောခြင်းသည် ရေကူးညာတင်ပြောနည်း မည်၏။
အူထုံးရောဂါသည်ကို ကုရာ၌ ဇီဝက ပြောသောစကားကို သာဓကထုတ်အပ်၏။
၂။ ကောက်ပင်ရိတ်လှီး ပြောနည်း
♥♥♥♥♥♥♥♥
စပါးရိတ်လျှင် ကောက်ပင်ကို လက်တစ်ဖက်ဖြင့်
ဆုပ်သိမ်းကာ တံစဉ်ဖြင့် အရင်းမှဖြတ်၍ ရိတ်ယူသကဲ့သို့ တစ်ဖက်လူ၏ စကားကို
သိမ်းကျုံးဖမ်းယူပြီးမှ အရင်းကဖြတ်၍ ပိုင်လောက်အောင် ပြောဆိုခြင်းသည် ကောက်ပင်ရိတ်လှီးပြောနည်း မည်၏။
သူဌေးသားနှစ်ယောက်နှင့် ဗျိုင်းပုံဝတ္ထုကို
သာဓကထုတ်အပ်၏။
၃။ ရေစီးဖောင်ဆန် ပြောနည်း
♥♥♥♥♥♥♥
ဖောင်ကြီးသည် အညာသို့ ဆန်သောကာလ လိုရာဆန္ဒရှိသမျှကို တင်ယူ၍ ဖြည်းညင်းသာယာစွာ
ဆန်လျှင် လိုရာအရပ်သို့ ရောက်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဥပမာ ဥပမေယျတို့ဖြင့်
ဖြည်းညင်းသာယာစွာ လိုရာရောက်အောင် ပြောဆိုခြင်းသည် ရေစီးဖောင်ဆန်ပြောနည်း မည်၏။
ဟံသာဝတီဘုရင် ရာဇဓိရာဇ်က အဆွေတော်ဟု
ရေးသားသည်ကို ဒွါရဝတီမင်းက မကျေနပ်၍ ဟံသာဝတီသားတို့က ပြေလည်အောင် ဖြေရှင်းပုံကို
သာဓကထုတ်အပ်၏။
၄။ အိုးတန်ဆန်ခပ် ပြောနည်း
♥♥♥♥♥♥♥
အိုးနှင့် ဆန်သည် တန်အောင်ချက်လျှင် နူးနပ်စွာ
သုံးဆောင်ရသကဲ့သို့ စကားအရာတွင်လည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင် ပြောဆိုခြင်းသည် အိုးတန်ဆန်ခပ်ပြောနည်း မည်၏။
သားရွှေအိုးထမ်းလာသည်ကို မြင်လိုပါသည်ဟု ပြောဆိုသော သုဝဏ္ဏသာမ၏ မိဘနှစ်ပါးပြောဆိုပုံကို
သာဓကထုတ်အပ်၏။
၅။ ဆီပွတ်ကျည်ပွေ့ ပြောနည်း
♥♥♥♥♥♥♥
ဆီကိုရအောင် ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ
ပွတ်ရသကဲ့သို့ အလိုရှိသောစကားကို အထပ်ထပ်ပြောဆိုခြင်းသည်
ဆီပွတ်ကျည်ပွေ့ပြောနည်း မည်၏။
ဘုရားပိန္နဲတိုင်ကိစ္စ ဆွေးနွေးရာ၌ မကျည်းနှစ်လည်းကောင်း ကျွန်းလည်းကောင်း ရှားနှစ်လည်းကောင်း ပြောဆိုပုံကို သာဓကထုတ်အပ်၏။
၆။ ဆင်ဝှေ့ရန်ရှောင် ပြောနည်း
♥♥♥♥♥♥♥♥
ဆင်ဝှေ့မည်ဟု လိုက်လျှင် လွတ်ရာလွတ်ကြောင်း တိမ်းရှောင်ကာ ချမ်းသာသကဲ့သို့ စကားအရာတွင်လည်း မိမိအဖို့ ဘေးရောက်မည့်စကားကို ရှောင်လွှဲ၍ ပြောဆိုခြင်းသည် ဆင်ဝှေ့ရန် ရှောင်ပြောနည်း မည်၏။
ရက်မအောက် မြေကြီးအထိ ရွှေချထားသော
အိမ်ရှေ့မင်း၏ကျောင်းမှ ရွှေများကို မြို့ဝန်က အဖျက်ခိုင်းရာ အိမ်ရှေ့မင်းစိတ်ဆိုးသည်ကို
ပြေလည်အောင် လျှောက်ထားသော မြို့ဝန်၏စကားကို
သာဓကထုတ်အပ်၏။
၇။ တောင်သူယာခုတ် ပြောနည်း
♥♥♥♥♥♥♥♥
တောင်သူတို့သည် ယာခုတ်လျှင် ခြုံငယ်သစ်ပင်ငယ်တို့ကို ဦးစွာ ရှင်းလင်းခုတ်ထွင်ပြီးမှ
သစ်ပင်ကြီးများကို လှဲသကဲ့သို့ စကားအရာတွင်လည်း
ဦးစွာ စကားငယ်ကိုပြော၍ နောက်မှ စကားကြီးများကို
ပြောခြင်းဖြင့် အနိုင်ယူခြင်းသည် တောင်သူယာခုတ်ပြောနည်း မည်၏။
အမတ်ကြီးလေးဦးနှင့် မဟောသဓာသုခမိန်တို့ ဥစ္စာနှင့်
ပညာ ဘယ်ဟာက မြတ်သည်ဟူသော အငြင်းပွားပုံကို
သာဓကထုတ်အပ်၏။
၈။ကြက်ဆုတ်ခွပ်ပစ် ပြောနည်း
♥♥♥♥♥♥♥
ကြက်တို့၏ သဘောသည် ခွပ်မည်ပြုသောအခါ
နောက်သို့ ဆုတ်ဟန်ပြု၍ တကယ်ခွပ်သောအခါမှသာ
စီး၍ ခွပ်သကဲ့သို့ စကားအရာတွင်လည်း သူ့အလိုကို
လိုက်တန်သရွေ့လိုက်ပြီးလျှင် စီးသာသောအခါမှစီးလျက် ပြောသောစကားမျိုးသည်
ကြက်ဆုတ်ခွပ်ပစ် ပြောနည်း မည်၏။
ကဝိသေတ္တု မဉ္ဇူသာကျမ်း၌ ဖော်ပြပါရှိသော တရုတ်ငရွှေကြည်၏ မီးလောင်ခြင်းကိစ္စအတွက်
တရုတ်သံများနှင့် အမတ်ကြီးဦးပေါ်ဦးတို့ အပြန်အလှန်
ပြောဆိုပုံကို သာဓကထုတ်အပ်၏။
၉။ ရေစစ်ပမာ စကားပြောနည်း
♥♥♥♥♥♥♥♥
ဓမ္မကရိုဏ်ခေါ်သော ရေစစ်ကို ရေတွင်နှစ်၍
ရေပြည့်လျှင်အပေါက်ကို လက်ဖြင့် ပိတ်ယူပါက
ရေမထွက်နိုင်သကဲ့သို့ တစ်ဖက်လူ၏ စကားကို
ပိတ်မိအောင် ပြောဆိုခြင်းသည် ရေစစ်ပမာစကား
ပြောနည်း မည်၏။
သူငယ်လေးယောက်နှင့် သူအိုကြီးတို့ ယုံတမ်းစကားပြောကြားပုံကို သာဓကထုတ်အပ်၏။
၁၀။ ခက်တင်မောင်းနင်း ပြောနည်း
♥♥♥♥♥♥♥♥♥
သူ့စကားကို ဟုတ်၏လည်း မဆို မဟုတ်ဟုလည်း
မဆိုဘဲ မတင်မကျပြောဆိုခြင်းသည်
ခက်တင်မောင်းနင်းပြောနည်း မည်၏။
ဤသူ ငါ့တူမဟုတ်ဟု မည်သူပြောသနည်းဟု
တောင်ဖီလာဆရာတော် ပြောကြားပုံကို သာဓကထုတ်အပ်၏။
မှတ်ချက် ။ ။ စကားကြီး ၁၀. မျိုးအကြောင်းကို
ပြဆိုသော ပုံသက်သေ. သာဓကဝတ္ထုများကို
မြန်မာစွယ်စုံကျမ်း အတွဲ ( ၃ ) တွင် အကျယ်တဝင့် ဖော်ပြပါရှိသည်။ ထိုကျမ်း၌
လေ့လာကြည့်ရှုကြပါကုန်။
ရေးသားမျှဝေဒါနပြုပါ၏။
Crd.orginal uploader
Comments
Post a Comment